Monday, December 24, 2007

“ပြည်သူ့သူရဲကောင်း”

တော်လှန်ရေးများသည် သူရဲကောင်းများကို မွေးဖွားပေးပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ချက်နိုင်ငံ နာဇီဟစ်တလာ လက်အောက်သို့ ကျရောက်သွားစဉ်က ဖြစ် သည်။ နာဇီဖက်ဆစ်များကို ခုခံဆန့်ကျင်ကြသည့် ချက်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကြီးတွင် သတင်းစာဆရာ ‘ဂျူးလိယက်ဖူးချစ်’ကို မွေးဖွားလိုက်ပါသည်။ ဖူးချစ်သည် နာဇီဂက်စတာပို အကျဉ်းထောင်ထဲတွင် လူမဆန်အောင် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပါသည်။
နာဇီစစ်ဗိုလ်က ဖူးချစ်ကို ဖြောင့်ချက်ပေးခိုင်းသည်။ ‘မင်းလိမ္မာစမ်းပါ၊ ခေါင်းမမာစမ်းပါနဲ့’ဟု ဆိုသည်။ ထိုအခါ ဖူးချစ်က …
‘ငါ့အဘိဓာန်ထဲမှာတော့ လိမ္မာခြင်းဆိုတာ သစ္စာဖောက်ခြင်းပဲ’ ဟူ၍ ပြန်ပက်လိုက်ပါသည်။
ဖူးချစ်ကို သူတို့ ကြိုးပေး သတ်လိုက်ကြပါသည်။ သို့သော် ချက်ပြည်သူတို့၏ နှလုံးသားထဲတွင် ဖူးချစ်မသေပါ။

အလားတူ ဗီယက်နမ် စစ်ပွဲကာလတုန်းက တောင်ဗီယက်နမ် နိုင်ငံတွင်လည်း သူရဲကောင်းတဦး ထွန်းကားခဲ့ ပါသည်။ သူကား ‘ငုယင်ဗန်ထရွိုင်း’ ပင်တည်း။ ဗန်ထရွိုင်းသည် စက်ရုံအလုပ်သမား တယောက်ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်နာမားရားကို ဗုံးဖောက်ခွဲ သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အဖမ်းခံ လိုက်ရသည်။
သူ့ကို ဆိုင်ဂုံ ရုပ်သေးအစိုးရက နှိပ်စက်ညှဉ်းပန်းသည်။ သူ့ဇနီး ဖန်သီကြူရင်နှင့် များပြီး ဖြောင့်ချက်ပေးခိုင်း သည်။ ဗန်ထရွိုင်းက မပေးပါ။ အသေခံသွားပါသည်။
ဗန်ထရွိုင်းကို သေဒဏ် စီရင်သည့်နေ့က သူ့ကိုသေနတ်နှင့် မပစ်ခင် သူ့မျက်လုံးတွေပေါ်က စည်းထားသော အ၀တ်စကို ဖယ်ပေးဖို့ အာဏာပိုင်များထံ တောင်းဆိုသည်။ ဗန်ထရွိုင်းသည် သူ့မြေကို မမှိတ်မသုန် ကြည့်ရင်း သေနတ်ပြောင်းတွေကို ရင်ကော့ စိန်ခေါ်လိုက်သည်။ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီး ယမ်းငွေ့တွေ ပြယ်မသွားခင် ဗန်ထရွိုင်းသည် ‘သမ္မတကြီး ဟိုချီမင်း အဓွန့်ရှည်ပါစေ’ဟု ကြွေးကြော် သွားခဲ့ပါသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသော နိုင်ငံခြား သတင်းထောက်များ မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုကြွေးခဲ့ကြပါသည်။
ဗီယက်နမ် စစ်ပွဲကြီးပြီး၍ နောင်နှစ်ပေါင်း အစိတ်ကျော်ကျော် ကြာသည့်အချိန်တွင် မက်နာမားရားက ‘ဗီ ယက်နမ် စစ်ပွဲမှာ အမေရိကန်တို့၏ အမှားဖြစ်ပါသည်’ဟု ၀န်ခံခဲ့ပါသည်။
ငုယင်ဗန်ထရွိုင်း မမှားပါ။ ပြည်သူ့ဘက်က ရပ်တည်သော သူရဲကောင်းများမှာ ဘယ်တော့မှ မမှားပါ။

‘ချေဂွေဗားရာ်းသည်၁၉၆၀ပြည့် တ၀ိုက်က ကျူးဘားလွတ်မြောက်ရေး၊ ဘိုလီးဗီးယား လွတ်မြောက်ရေး တိုက်ပွဲများတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သော အာဂျင်တီးနား နိုင်ငံသား ဆရာဝန်တဦး ဖြစ်သည်။ ၁၉၆၇တွင် ဘိုလီးဗီးယား စစ်အစိုးရတပ်က ချေကို ပစ်သတ် ဖမ်းဆီးခဲ့ကြပါသည်။
သို့ရာတွင် ချေသည် မသေပါ။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက အမျိုးသားလွတ်မြောက်ရေး ပြောက် ကျားတိုက်ပွဲများတွင် ချေ၏ ၀ိညာဉ်က လမ်းပြနေခဲ့ပါသည်။
မနေ့တနေ့ကတော့ ဘိုလီးဗီးယားနိုင်ငံ ကျေးရွာတခုအနီးတွင် မြှုပ်နှံထားသော ချေဂွေဗားရား၏ အရိုးစုကို တွေ့ရှိတူးဖော်ပြီး ကက်စထရိုကိုယ်တိုင် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာတွင် မြှုပ်နှံ ဂုဏ်ပြုခဲ့ပါသည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ တော်လှန်သော ပြည်သူ့သူရဲကောင်းများ လိုအပ်နေပြီ


အောင်ဝေး
ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။



No comments: