Monday, December 24, 2007

တတိယလိုင်း အား သတိ ထား

တတိယလိုင်းအုပ်စုများရဲ့ အမြင်ဟာ သည်လိုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်ခံအင်အားစုတွေလည်း ဘာမှမလုပ်နိုင်တော့ဖူး။ အားနည်း ချိနဲ့သွားကြပြီ။ စစ်တပ်ကလည်း ကောင်းတဲ့အုပ်စု မဟုတ် သလို ရေရှည်အမြင်မရှိဖူး၊ ပညာတတ်တွေမဟုတ်ဖူး။ ဒါကြောင့် ဒို့လိုလူမျိုးတွေ ၀င်လုပ်ရမယ် ဆိုတဲ့ ခံယူချက် ရှိတဲ့သူမျိုး တွေ စုထားတဲ့ အုပ်စုဖြစ်ပါတယ်။

သူတို့မှာ တချက်ပိုတာက အဲသလို ၀င်လုပ်ရုံ သာမက အခြေအနေပေးတဲ့ အချိန်ကာလရောက်ရင် သူတို့အုပ်စုက တိုင်းပြည် ရဲ့ အာဏာနေရာအထိ ပါဝင်ဖို့ ရည်မှန်းထား သူမျိုးတွေဖြစ်ပါတယ်။ အဲသလို တတိယလိုင်း အုပ်စုများဟာ ပြည်တွင်းမှာ လည်း ရှိနေသလို ပြည်ပမှာ လည်းရှိပါတယ်

ပြည်တွင်း တတိယလိုင်း အုပ်စုကတော့ လက်ရှိမှာ သူတို့ ကိုယ်တိုင်လည်း စစ်တပ်အုပ်ချုပ်မှု အောက်မှာနေရ လေတော့ စစ်အာဏာရှင်တွေကို အာခံတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဘယ်တော့မှ သူတို့ရဲ့ လုပ်အားကို မထည့်သွင်းပါဖူး။ ခပ်ဝေးဝေးကပဲ နေလေ့ရှိပါတယ်။ သည့်အပြင် တဖက်မှာလည်း အာဏာပိုင်တွေကိုလည်း အဆင်ပြေအောင် ပေါင်းသင်းပါတယ်။ ဒါကလည်း အကယ်၍ နိုင်ငံရေး အပြောင်းအလဲ တခုခုကို ဒေါ်စုတို့ မပါဘဲ လုပ်လို တဲ့အခါမျိုးမှာ သူတို့ဝင်ပါလာဖို့ စစ်တပ်က ဖိတ်ခေါ်ရင်လည်း ပါနိုင် အောင်ဆိုတဲ့ စိတ်ကူးနဲ့ ဖြစ်ပါတယ်။

ပြည်ပမှာ အခြေစိုက်တဲ့ တတိယလိုင်းအုပ်စုများကတော့ ပြည်ပမှာ ဘယ်သူ့ကို့မှ ကြောက်စရာမလိုဘဲ နေနေရတာတောင် စစ်အာဏာရှင်များ ငြိုငြင်မဲ့ ပြောဆိုရေးသားမှုတွေ မလုပ်ပါဖူး။ လူထုတိုက်ပွဲကိုလည်း တန်ဖိုးရှိတယ်လို့ သတ်မှတ်ခြင်း မရှိတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပြည်ပ တတိယလိုင်းအုပ်စု တွေဟာ သူတို့အချင်းချင်း ချိတ်ဆက်မှုတွေ တနည်း မဟုတ် တနည်းတော့ ရှိကြပါလိမ့်မယ်။်



No comments: