Tuesday, July 6, 2010

မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး

မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး
ရန်ငြိမ်းအောင် (လူငယ်) | တနင်္လာနေ့၊ ဂျူလိုင်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၃ မိနစ်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂ (ဎ) တွင် … ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး (သို့မဟုတ်) မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်။



အလားတူပင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂ (ဎ) တွင် အထက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ထို့အပြင် တိုင်း၊ ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂ (ဎ) တွင်လည်း အထက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း (၁၃) တွင် ပြဋ္ဌာန်းထားပါသည်။ ယင်းအခန်းပုဒ်မ - ၅၈ (ခ) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

(ခ) ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဦးကိုသော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဦးဦးကိုသော်လည်းကောင်း ခြိမ်းခြောက်ခြင်း။

အလားတူပင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ ပုဒ်မ - ၅၈ (ခ) တွင် လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း - ၁၃ ပုဒ်မ - ၅၈ (ခ) တွင်လည်းကောင်း အထက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့၏ ပုဒ်မ ၂ (ဎ) ပါ ပြဋ္ဌာန်းချက်အရ “ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုသည်။” ဟု ပြဌာန်းထားချက်အရ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးမှာ ဥပဒေပြဋ္ဌာန်းချက်အရ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့၏ ပုဒ်မ - ၅၈ (ခ) အရ တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။

သို့ဖြစ်ရာ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဖြစ်သော မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ခြိမ်းခြောက်ခြင်း ပြုသူသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပါသည်။
source: Mizzima

No comments: