Saturday, June 12, 2010

ဂျင်ဝက် ဘာမှ အဓိပ္ပါယ်မရှိတာတွေကို လုပ်တယ်။ ဦးဝင်းတင်ဝေဖန်


သူ့မှာ သြဇာသိက္ခာ ရှိနိုင်သလောက် ရှိရဲ့သားနဲ့ မှန်ကန်တဲ့နေရာမှာ အသုံးမချဘူး။ စစ်အစိုးရဖက်က ဘက်လိုက်ပြီးတော့ သူရဲ့ သြဇာတွေ သိက္ခာတွေကို အလွဲသုံးလိုက်တယ်။ မဆိုင်တဲ့ အပေါက်က ဂလိုင်နဲ့ ခေါက်တယ်
ဂျင်ဝက်ရဲ့ စကားတွေ၊ သဘောထားတွေ ကြည့်လိုက်လို့ ရှိရင် အမှားအယွင်းတွေ အများကြီးပါတယ်။
ဂျင်ဝက်ပြောတဲ့အထဲမှာ သူတဦးတည်း သဘောထားအနေနဲ့ နိုင်ငံတကာမှာ လျှောက်ပြောနေတာက ဘာတဲ့ … အင်န်အယ်ဒီလည်း ကွဲပြီ တဲ့။ အဲသည်လို ကွဲထွက်လာကြပြီးတော့ အခု လွှတ်တော်ထဲမှာလည်း အင်န်အယ်ဒီအင်အားစုတွေကလည်း ၀င်ပြီ အရွေးခံကြတော့မယ် တဲ့။ အဲသည် ပြောတဲ့စကား ၂ ခု ပါတယ်။ အဲသည် သဘောထား ၂ ခု ပါလာတယ်။
  ဒီသဘောထား ၂ ခုဟာ အလွန်ကို မှားပါတယ်။ ဖောက်ပြန်ပါတယ်။ လွဲပါတယ်။ စေတနာဆိုးနဲ့ ပြောတဲ့စကားလို့ ပြောချင်ပါတယ်။ အင်န်အယ်ဒီက ဘယ်တုံးကမှ မကွဲခဲ့ပါဘူး။ 

အင်န်အယ်ဒီက ကွဲထွက်ပြီး ပါတီထောင်တဲ့ကိစ္စ၊ ရွေးကောက်ပွဲဝင်ကြတဲ့ ကိစ္စ။ ခုနက ပြောခဲ့သလို အင်န်အယ်ဒီက မကွဲဘူး။ သူတို့ဖာသာ သူတို့ ပါတီထောင်တဲ့အချိန်မှာ လက်ရှိဥပဒေတွေအရ အင်န်အယ်ဒီပါတီက မရှိတော့တဲ့အတွက် အင်န်အယ်ဒီကနေ ကွဲပြီး ပါတီထောင်တာလို့ ပြောလို့ မရဘူးဆိုတာကို သိသာစေချင်တယ်။ သူတို့ဟာ အင်န်အယ်ဒီရဲ့ အပဲ့အစင်တွေဗျာ။ Split မဟုတ်ဘူးဗျ၊ ကွဲတာ ပြဲတာ မဟုတ်ဘူး။ Splinter ဗျ။ ကျောက်တုံး ကျောက်ဆောင်ကြီးကို တူနဲ့ ထူရင် အမှုံအမွှားကလေးတွေဗျ၊ အပဲ့အစင်လေးတွေ။ ဘေးရောက်သွားတဲ့ လူတွေ။

ခုလက်ရှိ အခြေခံဥပဒေတွေနဲ့ ရွေးကောက်ပွဲအလားအလာဟာ စစ်အာဏာရှင်တွေ သက်ဆိုးရှည်စေဖို့ပဲ ဖြစ်တယ်လို့လည်း ဂျင်ဝက်ကိုယ်တိုင်က ၀န်ခံပြီးပြောလိုက်ပြန်သေးတယ်။ ရွေးကောက်ပွဲကနေပြီးတော့ ပြည်သူလူထုတွေအပေါ်မှာ အများကြီးချုပ်ကိုင်မှုတွေ လုပ်သွားမယ် ဆိုတာ သူ ၀န်ခံထားပါသေးတယ်။ အဲသည်ကြားထဲကနေ ရွေးကောက်ပွဲကို ၀င်ကြပါလို့ ပြောတာဟာ ဘာလဲလို့ ကျနော် ပြောချင်တယ်။
          ဘာနဲ့တူသလဲ ဆိုတော့ - ဒီလမ်းကတော့ ငရဲကို သွားတဲ့ လမ်းပါပဲ ခင်ဗျာ။ နောက်ပြီးတော့ ငရဲဆိုတာကလည်း အလွန်ပူလောင် လောင်မြိုက်တဲ့ နေရာကြီးပါပဲ ခင်ဗျာ။ သို့သော် ဒီလမ်းကိုတော့ သွားသင့်ပါတယ်၊ လျှောက်သင့်ပါတယ် ခင်ဗျာ လို့ ပြောသလို၊ တိုက်တွန်းနေသလိုဖြစ်နေတယ်။ လူတွေကို ငရဲသွားမယ့်လမ်းမှန်း သိသိကြီးနဲ့ တွန်းပို့နေတာဟာ ကမ္ဘာနိုင်ငံရေးသမားတယောက်အနေနဲ့ လုပ်သင့် ပြောသင့်တဲ့ အလုပ်မဟုတ်ဘူးလို့ ပြောချင်တယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေး၊ ဆွေးနွေးညှိနှိုင်းရေး၊ နို့မဟုတ်ရင်လည်း အကုန်လုံး အစကနေ အသစ်ပြန်လည် ရေးဆွဲရေးတို့ကို မပြောဘဲနဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့်၊ အတည်ပြုမယ့် ရွေးကောက်ပွဲကြီးကို ကောင်းလှပါချည်ရယ့်၊ ၀င်ကြပါလှည့် ဆိုပြီး ကြော်ငြာမောင်းခတ်နေတာကတော့ အကျိုးမရှိဘူး၊ မဆိုင်တဲ့အပေါက်က ဂလိုင်နဲ့ ခေါက်နေတာပဲ
source: Moemaka; http://moemaka.com/index.php?option=com_content&task=view&id=6586&Itemid=1

No comments: